19 October 2010

အိပ်ရာထပြီးနောက် ( ၅ )


လတ်တလော ရာသီဥတုက
စိတ်မပါတစ်ပါ ခင်ဗျားကိုလက်ဆွဲနှုတ်ဆက်ပြီး
ကျွန်တော်က ဒီနေ့ 
နောက်ဆုံးပေါ်လက်ဘက်ရည်ဆိုင်ထဲမှာ။

ခင်ဗျား ရင်ထဲက ဆောင်းမှာ
အနွေးထည်ကောင်းကောင်း လိုအပ်ပါသလား။
ခင်ဗျားအိမ်မှာ
အရေးအကြောင်းတိုင်တောစရာ လူကြီးရှိလား။

“………………………………………….”
သောက်ပိုတွေပါကွာ
ငွေမရှိရင် ရေမရှိဘူး။

ဘယ်သူတွေ ဆေးလာ ခြယ်ခြယ်
ဘယ်ခေါင်းစဉ်နဲ့ လာလာ
ခင်ဗျားရော ကျွန်တော်ရော
မနှစ်က မိတ္တူစက်ထဲမှာ..။


ပြန်ပြီဗျာ
ခင်ဗျားလည်း အသက်ကောင်းကောင်း ရှူထားပါ။
ကျွန်တော့် အိတ်ကပ်ထဲတောင်
အောက်ဆီဂျင်တော်တော်နည်းနေပြီ။

ညီဇံလှ

12 October 2010

နွားကျောင်းသား သာဂိရဲ့ သေနတ်


ဒီနေရာမှာ
ကန်ကြီးတစ်ကန်ရှိစရာ မလိုဘူး
နောက်ခံ ကောက်ရိုးပုံလည်း မလိုဘူး။
နွားတစ်ကောင်မှ မလိုသလို
အဓိက ဇာတ်ဆောင်က သေနတ်လည်း မဟုတ်သလို
သာဂိလည်း မဟုတ်ဘူး။

နားမလည်ဘူး။
နေထွက်လာတာက အစ
ကျွန်တော့်ကောင်မလေး ဆံပင်ဖြောင့်ချင်တာ အဆုံး
နားမလည်ဘူး။
အယ်လ်ပီ နားမလည်သလို
နားလည်ဖို့ မလိုသလို၊
နတ်သျှင်နောင်လည်း နားမလည်ဘူး


ခင်ဗျား ကဗျာစာအုပ်
ကျွန်တော့်လက်ဖက်ရည်ခွက် ကိုကွယ်နေတယ်။
ဒီဘက်နည်းနည်းတိုးပါလား၊ ခင်ဗျား
(ဒါမှမဟုတ်)
ဟိုဘက်နည်းနည်း ခင်ဗျားတိုး
(ဒါမှမဟုတ်)
အလယ်မှာ ခင်ဗျားနေချင်နေ
(ဒါမှမဟုတ်)
ခင်ဗျား မတ်တပ်ချင်ရပ်၊ ထိုင်ချင်ထိုင်။

ဒီလိုနဲ့ သာဂိ ပစ်လိုက်တယ်။
ငှက်တစ်ကောင်မှ ကောင်းကင်က ကျမလာလည်း
သူပျော်တယ်။

ညီဇံလှ

05 October 2010

ငါမသိဘူး လောက



ညီမလေးရေ
လောကတစ်ချက်အလှုပ်မှာ
တို့ မိသားစု ငုတ်တုတ်လေးပါပဲလား…

နှုတ်ခမ်းလည်း မနာခဲ့ဘူး
မုန့် ဆီလည်းမကြော် ခဲ့ဘူး
ဖြစ်သမျှအကြောင်းမပြောနဲ့ တော့
ပြောသမျှ ဖြစ်လာမှာမှ မဟုတ်ပဲ။

စာတမ်းလေးတွေတင်နဲ့ တင်
လူ့ သမိုင်းတစ်ခုလုံး ပိသွားတယ်။
အေးအေးဆေးဆေး ပြောလို့ ရတဲ့ တယ်လီဖုန်းကျ
လိုင်းမမိဘူး။


ခေတ်ကြီးရေ
တရားသံတွေ နာကျင်နေသရွေ့ 
ငါတို အရိပ်အောက်မှာ တောအုပ်တစ်ခုရှိလည်း
နေက ပူနေမှာပဲ..

ညီဇံလှ

02 October 2010

အိပ်ရာထပြီးနောက်(၄)


ဖုန်းဆက်တယ်။
ကာဘွန်းဒိုင်အောက်ဆိုဒ်တွေဆီ
သစ်ပင်တွေဝမ်းချုပ်နေကြောင်း
နေမင်းက။

လမ်းတစ်ကွေ့ မှာ တွေ့ တယ်
ပြောတယ်၊
ကံကြမ္မာက
သူ့ တစ်ကိုယ်လုံး ယားနာပေါက်နေကြောင်း
(ဦးခေါင်းမှ လွဲ၍)။
ကျွန်တော်တို့ က
ပြောတယ်၊
ကျွန်တော်တို့ မှာ ယားနာမပေါက်ကြောင်း
(ဦးခေါင်းမှ လွဲ၍)။

အဲကွန်း အနံ့ မကောင်းဘူးတဲ့
ချစ်သူက ပြောတယ်၊
အမေ့ ကို ပြောတယ်
အမေ့ ယပ်တောင်တစ်ချောင်းကြိုးနေပြီ
ကျွန်တော်က...။

ဟဲလို
ခင်ဗျား အပြင်မှာလား
ဟုတ်ကဲ့
ကျွန်တော်လည်း အတွင်းခန်းထဲမှာ မဟုတ်ဘူး
ခင်ဗျား ရှေ့ မှာ
မှန်ကွဲစတွေကြဲ ပြန့် နေပြီ
ခင်ဗျားရော ကျွန်တော်ပါ အတွင်းခန်းမှာ ရောက်နေပြီ။

ညီဇံလှ
(02 Oct 2010)

01 October 2010

ရေးတဲ့လူနဲ့ဖတ်တဲ့လူကြား


(သူငယ်ချင်းတစ်ယောက်ပို့ ထားတဲ့  ကောင်းကင်မဂ္ဂဇင်းက ကဗျာပါ...ကြိုက်လို့ တင်လိုက်မိပါတယ်)

ရေးတဲ့လူနဲ့ဖတ်တဲ့လူကြား
အမည်မသိ ဆက်သွယ်ချက်
ဝက်သစ်ချပင်မှာ ချည်ထားခဲ့ ဖဲကြိုးဟာ အ၀ါရောင်ပါ။

ဟာသဓာတ်ခံနည်းနည်း ရှိဖို့ရယ်
အမြင်မတော်ရင် အဲ့ဒီလမ်းကို မသွားရုံရယ်ပဲ ရှိတယ်
နေပျော်တဲ့ ခေတ်ကြီးပါ။


မိဘကို ဆည်းကပ်ပါ
ချစ်သူကို အစွမ်းကုန်ချစ်ပါ
အမှန်တရားကို ကာကွယ်ပါ
ကိုယ့်နီတိနဲ့ကိုယ် ရှင်သန်ပါ
နှင်းဆီကိုတော့ အနီရောင် အတိုင်းပဲ ထားပေးလိုက်တာ ကောင်းတယ်
ဘုရားသခင်လည်း သွားချင်ရာ သွားပါစေတော့၊ သူ့ဘ၀နဲ့သူ။

ကမ္ဘာကြီး ၂၃ ၁/၂
ဒီဂရီစောင်းနေကြောင်း
သူတို့ပေးတဲ့ သက်သေပြချက်နဲ့တင်
ကျွန်တော့်မှာ မလုံလောက်တော့လို့ပါ။

မြင်ဖူးမှ ယုံစဖွယ် ကမ္ဘာကြီးထဲ
ချိုးဖြူငှက်များ မျိုးသုဉ်းရန် စက္ကန့်နှစ်ဆယ်အလို
ညနေက၀ယ်လာတဲ့ ၂၀၁၂ ရုပ်ရှင်ဒီဗွီဒီအချပ်က ထစ်နေတယ်။


မျိုးတေဇာမောင်

17 September 2010

အချစ်


(၂၀၀၀)၀န်းကျင်လောက်က ရယ်စရာ မဂ္ဂဇင်းမှာ ကျွန်တော့်ကဗျာနဲ့ ဘေးချင်းယှဉ်ပါခဲ့တဲ့ ကဗျာလေး တစ်ပုဒ်ပါ။ကျွန်တော်ကဗျာကို ကျွန်တော်ကိုယ်တိုင်မေ့သွားပေမယ့် အဲဒီကဗျာလေးကို ကျွန်တော်မှတ်မိနေဆဲပါ)


စားသုံးခဲ့ဖူးတာ
တစ်ခါသာသာပဲ၊
အရိုးနင်ဝေဒနာကို
တစ်သက်စာလုံးခြစ်ထုတ်လိုက်ရတာ
တန်ဆာပလာတွေစုံလို့ ...။

စိုင်းစိုင်း(ရှမ်း)

08 September 2010

အချစ်မှာ တယ်လီဖုန်းဟာ အသံလှိုင်းမဲ့


ခလုတ်နှိပ်မရရုံနဲ့ တော့
ကက်ဆက်ကို အပြစ်တင်မနေနဲ့ တော့
ချစ်ဦးသူတို့ မနက်ခင်းဟာ
ပေါင်မုန့်  ထောပတ်နဲ့ လုံလောက်ရဲ့ လား….။


အချစ်မှာ
မုန်တိုင်းမရှိတဲ့ပင်လယ်ကို
ကန္တာရလို့ ခေါ်ချင်ခေါ်မယ်။

အချစ်မှာ
ချစ်နေသူအချင်းချင်း နေ၀င်သွား၊
တစ်ယောက်ကိုတစ်ယောက် ပြန်တူးဖော၊်
ဘယ်သူမှ ရှာမတွေ့ တဲ့ မြို့ ဟာ
ချစ်သူတို့ အတွက် ပါရီပဲ။

အမှန်တရားဟာ ရက်ချိန်းမမှန်တဲ့နောက်
ကျွန်တော်တို့ ဆိုနေတဲ့အလီ လည်း
အမြဲတမ်းအမှားပဲ။
တစ်ခါတစ်လေ ရမိတဲ့နောင်တကလည်း
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို
အရသာရှိနေပြန်တယ်။


တော်ပြီကွယ်..
ခေတ်တန်ဆာပလာနဲ့ 
လိင်မှုတိုးတက်ရေးစာမျက်နှာသစ်မှာ
ငါဟာ
နင်မသိအောင်တူးခါးမိတဲ့ အမဲရိုးတစ်တုံးပါ။


ငါဟာ ပြန်သွားရမလား
အခါခါ ရပ်တည်ရမလား
အခြေအနေဟာ
ပိုင်ရှင်မဲ့ မှတ်ပုံတင်တစ်ခုလား
ဒီဘ၀မှာလည်း ငါပဲလား။


ကိုယ့်ဗီဇာနဲ့ ကိုယ်ရောက်လာပြီးမှတော့
ပူတယ်အေးတယ်မပြောနဲ့ ၊
ကိုယ့်ကော်ဖီကိုယ် ဖျော်သောက်နေရုံပေါ့။


ကမ္ဘာကြီး ရွာကြီးဖြစ်ပြီလား
ကျွန်တော်တို့ အချစ်မှာလည်း
ထန်းရည်ဆိုင်အပြည့်ပဲ…..။
ကျွန်တော် ငိုရမလား…
လမ်းဘေးက မြက်တွေ ပြေးရှင်းလိုက်ရမလား။

ရထားဟာ
အချိန်မတိုင်ခင် ထွက်ချင်ထွက်မယ်၊
ငါ့ရင်ဘတ်ထဲ မှေးနေတဲ့ကောင်မလေးမျက်နှာလောက်
ဘယ်နိုင်ငံမှ မလိုချင်တော့ဘူးကွယ်.။

ညီဇံလှ