28 January 2010

အသံလှိုင်းထဲကလူနာ



နေမင်းဆီ ဖုန်းဆက်တော့
လောင်စာကွန်တင်နာများ အသစ်ရောက်ကြောင်းသိရ၊
နွေရာသီဆီ ဖုန်းဆက်တော့
အိပ်မောကျနေတာ ကြာပြီဖြစ်ကြောင်းသိရ၊
မြစ်ဆီ ဖုန်းဆက်တော့
ပင်လယ်နဲ့  ရန်ဖြစ်ထားကြောင်းသိရ၊
ညနေခင်းကို ဖုန်းဆက်တော့
သိုးများအိပ်ပြန်ချိန် နောက်ကျလာကြောင်းသိရ၊
ညီဇံလှဆီ ဖုန်းဆက်တော့
ကဗျာအယောင်ဆောင် တွေနဲ့  ရန်ဖြစ်နေကြောင်းသိရ၊
ချစ်သူဆီဖုန်းဆက်တော့
ပန်းသီးတစ်လုံးရဲ့ ကုန်နံပါတ်ပျောက်နေကြောင်းသိရ၊
အစာစုရပ်ဆီဖုန်းဆက်တော့
အစာချေဂလင်းများကျကွဲနေကြောင်းသိရ၊
အိမ်မက်ဆီ ဖုန်းဆက်တော့
ဒေါင်းယောင်ဆောင်သောကျီး အကြောင်း
သင်ရိုးစာအုပ်တွင် အဖြဲခံရကြောင်းသိရ၊
အပေါင်းအသင်းတွေဆီ ဖုန်းဆက်တော့
ဘော့ဘရစ်တီးက အပြင်သွား၊
ကမ္ဘာကြီးဆီ ဖုန်းဆက်တော့
ကိုင်မယ့်သူမရှိဘူး...။ ။


ညီဇံလှ

27 January 2010

ရေဆာနေတဲ့ ပင်လယ်



နံရိုးအချင်းချင်း ရိုက်ခတ်သံလား
ခိုတစ်ကောင်ချီလာတဲ့  ရက်စွဲတွေလား။
လူ့ သက်တမ်းနည်းလာသလောက်
မေးခွန်းတွေများလာတယ်။

ဟေ့ ဒီမှာ ရောင်စုံဖိနပ်တွေလေ
သနပ်ခါးထူထူကြီးတွေနဲ့  လမ်းလျှောက်နေကြ၊
တစ်စိမ့်စိမ့်နဲ့  လှိမ့်ဝင်လာတယ်၊
မျှော်တော်ရောင် တေးသွားနဲ့ 
သာပေါင်းညာစား ပြက္ခဒိန်၊
အိမ်ရှေ့ နဲ့  အိမ်နောက်တောင်
ဖဲပွတ်သလို ကြည့်နေကြ။

နေကောင်းကြရဲ့လား၊
စားပြီး ပြီးလား၊
ဘယ်သွားမလို့ လဲ
မတွေ့ တာကြာပြီနော်၊
ဒီဘ၀ ဒီမျှပဲလား
အသံတွေ တိတ်သွားကြ။


ငါ့အကြောင်းမက်တဲ့ မင်းအိပ်မက်မှာ
ဆီနဲ့ ဆားလောက်တော့ ဆမ်းပေးပါကွာ
ဒီလိုပဲ ဘ၀ဆိုတာ
ဟားတိုက်ရယ်လိုက် ဒူးထောက်တောင်းပန်လိုက်ပေါ့။


အထက်ပါအတိုင်း
ဒီခေါင်းစဉ်အောက်တွင်
၂၀၀၉သည်လဲလျောင်းခဲ့ရသည်။

ညီဇံလှ

မတွေ့ ရတဲ့ နေ့ 



မတွေ့ ရတဲ့ နေ့ မို့ 
ငါတို့ မတွေ့ ရ။
ပွဲလမ်းသဘင်နဲ့ 
ချိုချဉ်မုန့် ထုပ်နဲ့ 
တံလျှပ်လို
ဘောလုံးလို
မင်းသား အယ်လ်ပါစီနီလို
သတင်းစာလို
စီးကရက်လို
ပြတယ် ထုတ်ပြတယ်
ကျေနပ်ဖွယ်ရှိပါတယ်
ဒါပေမယ့် မတွေ့ ရတဲ့ နေ့ မှမဟုတ်ပဲ။

ဆာခဲ့
ငါမျှော်ခဲ့
တစ်သိန်းလောက်
တစ်သန်းလောက်။
မတွေ့ ရတဲ့ နေ့ ဟာ
ပေါ့ကျ လက်ဖက်ရည်လောက် လေးနက်တယ်။
မတွေ့ ရတဲ့ နေ့ ဟာ
ဆောင့်ကြီး အောင့်ကြီး သီချင်းလောက် ပွင့်လင်းတယ်။
ပိုကောင်းမယ်
ပြောစမှတ်ဖြစ်လိမ့်မယ်။
ရည်းစား မရနိုင်တဲ့ အချိန်မှာ
ရည်းစားရခဲ့တာ ဖြစ်လိမ့်မယ်။

မတွေ့ ရတဲ့ နေ့ ဟာ
တွေ့ ရတဲ့ နေ့ မဟုတ်ဘူး။
မတွေ့ ရသေးဘူး
မတွေ့ ရတဲ့ နေ့ များ။
အတူကံနည်းခဲ့
မတွေ့ ရတဲ့ နေ့ များ။ ။

အောင်ချိမ့်

စဉ်းစားနေတဲ့ကဗျာ



မနက်ဘက်ခြေဆန့် လိုက်တော့
ဂျင်းမွေးပြောင်ဘောင်းဘီ တစ်ထည်။

လောကဓံခပ်ပါးပါးပွတ်တိုက်သွားသော
အင်္ကျီအိတ်က ဒိုးယိုပေါက်။

ပက်ကြားအက်နေသော ကမ္ဘမြေအတွက်
စနေဆန်ဆန်ကဗျာများ။

ဂုဏ်သိက္ခာမြှင့်တင်နေသော လက်ဖက်ရည်ခွက်ထဲ
ဟိုင်းဝေးကားများ ခုတ်မောင်းသွား။

မနေ့ က မိုးမရွာဘူးဆိုတဲ့  ကမ်းခြေမှာ
ဗီဇာအမြန်ကြေးနဲ့ ကျားပြုံးပြုံးနေတဲ့  မုန်တိုင်း။

ကြိုးတုပ်ခံနေရတဲ့  ကဗျာလေးတွေအတွက်
ကောင်းကင်မှာ အဆုံးရှိတယ်ပြောရင်
ခင်ဗျားမရယ်နဲ့ ။

နောက်ဆုံးပေါ်ကားတစ်စီး ကြိတ်နင်းသွားတဲ့ 
ရွံ့ စက်တစ်ချို့ ရဲ့  အပြုံးများ
ရင်ခွင်အဖြူမှာ လာစိုက်တယ်။

ဒီလိုပါ
မာပိုလို စီးကရက်ဘူးခွံထဲက ဖက်ကြမ်းတွေအကြောင်း
လူသိတာမှတ်လို့ ၊
အဲဒီနေ့ ချစ်သူနဲ့ ရိုက်တဲ့ ဖဲဝိုင်းမှာ
ကွင်းက ကင်းကို စားသွားတယ်။

ညီဇံလှ

နွေဦးကော်ပီ



နှစ်တွေကြာလှပေါ့…။

ဒီလောက်လောင်မီးကျခဲ့တာတောင်

အဲဒီ…မျက်နှာလေးက တသွင်သွင်လှနေတုန်းပဲ…။

အနမ်းတွေ

ငါ့အတွက်မို့ ရွာသူ ဖမ်းစားခံရတယ်လေ

မြင်းတစ်ကောင်မှ မကတဲ့  ရထားလုံးအိမ်ထဲမှာ

ငါဘယ်ကိုပြေးရမလဲ…။

ကိုယ့်ကိုယ်ကို တစ်ပွင့်ခြင်းပြန်ခူးကြည့်တော့လည်း

ဆူး…စူးတာပါပဲ။

စားပွဲစွန်းက ဖန်ခွက်လို

ထောင်းလမောင်းကြေ ကျကွဲပြန်တယ်။

နှင်းဆီစော်နံတယ်။

အချစ်ဟောင်းရေ…

ကိုယ့်လှေစီးကြောင်းတွေလည်း

ပြောင်းပြန်စီးမျောခဲ့ပေါ့။

လွန်လေပြီးသောစနေနံနက်တစ်ခုကို

လွမ်းမြဝေရီရင်း…

(ဒီကဗျာကို ကိုယ်ဆက်မရေးချင်တော့ဘူး)

မင်း…ချမ်းမြေ့ပါစေ….။

တာရာမင်းဝေ

26 January 2010

ရေသေအိုင်ထဲက လမင်း


တော်တော်များများကို ငြင်းဆန်ခဲ့ပြီးပြီ။
အလိုမတူတဲ့သူတွေကိုပြုံးရတာလောက်
စပ်ဖျင်းဖျင်းဖြစ်တာမရှိဘူး။

အိမ်တံခါးဖွင့်ဖို့ တောင် သော့ပျောက်နေတဲ့ ကောင်လေ
ငါနဲ့ ငါ့ခြေရာတောင်
တစ်ဘ၀စာလောက် ဝေးသွားသလို။

တစ်ကယ်ကို ပစ်စလတ်ခတ်နိုင်လွန်းတယ်
ပကာသန အစပ်မတဲ့မှုတွေကြားမှာ
ငါဟာ စောင်းနေတဲ့ ၀ါကျတစ်ကြောင်း။

ငါရဲ့ အောက်တိုဘာဆရာမလေးရေ..
ဒါအဖွက်ခံလိုက်ရတဲ့ မီးတောင်တစ်လုံးလေ
အရေးအကြောင်းဆို စာတစ်ကြောင်းတောင်
အိမ်ပြန်မလာဘူး။

ကြယ်တွေမကြွေပါနဲ့ 
ငါ ဆုမတောင်းတတ်ဘူး။
ငါလိုချင်တဲ့ သစ္စာတရားမှာ
ငါစီးတဲ့ဖိနပ်လေးပဲ
ဘယ်ညာမှားပိုင်ခွင့်..။

ညီဇံလှ