20 November 2010

ကျွန်တော် စောင်ပါးပါး ခြုံထားတယ်


တစ်ဖြည်းဖြည်းနဲ့ 
တစ်လေးလေးနဲ့ 
တစ်ကန်ကန်နဲ့ 
တောအုပ်တွေက အဝေးကြည့်မှန်ပြောင်းနဲ့ 
(ထူးဆန်းသည်မှာ အနီးသို့ လည်း ကြည့်၍ရသည်)

ငေးမော။

လူနဲ့ ဆင်သောသတ္တ၀ါများကို၊
ဆင်နဲ့ ဆင်သော လူများကို၊
ငေးရင်းမော…တွေးရင်းတော
(ကာရန်သုံးထားသဖြင့် မော်မဒန် ဟု ပြောလည်း ရသည်)

ဆာတယ်
ဗိုက်ဆာလို့ ရေးတဲ့ ကဗျာမို့  ပိုဆာတယ်
ခေတ်တစ်ခေတ်(သို့ မဟုတ်)
တစ်နေရာရာကို ဆာတယ်။ဆာတယ်။
ပြာလောင်တယ်။
ကြားနေရတယ် ခေါ်သံတွေ၊ငိုသံတွေ၊
ပြက္ခတိန်စာရွက်လှန်သံ၊ လှံသံ၊
ကြိုသူမဲ့ ၊ လက်မှတ်မဲ့၊ လက်မဲ့။

အစိမ်းရောင် တိမ်တိုက်များ
ဘုန်းကြီးကျောင်း အမိုးထက်မှာ တစ်ဂွပ်ဂွပ်မြည်သံ
မြည်သံဟာ တစ်ဂွပ်ဂွပ်နဲ့ ဆိုပဲ
ငါတို့ အားလုံး ဇက်ကြောတွေလေးလံ
မျက်ခွံတွေလေးလံ
သမိုင်းတွေလေးလံ
တကယ်ကိုလေးလံ အောက်ထစ်အကုန် လေးလံ
ဦးခေါင်းထက်က အစိမ်းရောင်တိမ်တိုက်များ။

လမ်းလျှောက်ရင်း လမ်းတွေပါးလာတယ်။
ဖိနပ်တွေပါးလာတယ်
စကပ်တွေပါးလာမယ်
လူတွေပါးလာမယ.်
(ငွေတွေထူလာမယ်)

နာရီနဲ့ ထိတိုင်း အတိတ်ဖြစ်ရင်
အတိတ်နဲ့ ထိသမျှ နာရီမဖြစ်ရင်
ငါတို့ ဟာ တစ်ခုခု ကျန်ခဲ့သလို၊
ငါတို့ ရှေ့ မှာ ခြေသံတစ်သံ ရှိသလို
ခွေးရူးလိုက်သလို..ငှက်ဖျားမိသလို
သလို…သလို..သလို…သလို
လိုသမျှမရသလို
ပွဲခင်းထဲ အမေ ပျောက်သလို၊

သားရယ်..ငါတကယ် မသိတာပါ…
ဘာတဲ့..ရပ်ကွက်ပျက်မတတ် အလွမ်းတဲ့
ဆောင်းလည်းမချမ်းဘူး မချမ်းလည်း ဆောင်းပဲ
အိမ် ပြန်ရောက်လာတော့လည်း ခေါင်မိုးက ပေါက်နေဆဲ..။

ညီဇံလှ

2 comments:

ဇောင်းလူ said...

D နေရာများအား သဘောခွေ့ လျှက်
(ခေတ်တစ်ခေတ်(သို့ မဟုတ်)
တစ်နေရာရာကို ဆာတယ်။ဆာတယ်။
နာရီနဲ့ ထိတိုင်း အတိတ်ဖြစ်ရင်
အတိတ်နဲ့ ထိသမျှ နာရီမဖြစ်ရင်
ငါတို့ ဟာ တစ်ခုခု ကျန်ခဲ့သလို၊
ငါတို့ ရှေ့ မှာ ခြေသံတစ်သံ ရှိသလို
ခွေးရူးလိုက်သလို..ငှက်ဖျားမိသလို
သလို…သလို..သလို…သလို)

အုပ်ကြီး said...

စောင်ကပါးလွန်းသလားမသိ
ခြုံထားတာမတွေ့  ..ဆာတယ် ဆာတယ်