24 April 2010

အရူးစကားတိုးတိုးလေး ပြော

လူစုံအောင် စောင့်စရာမလိုဘူး
လရောင်နဲ့  လျှပ်စစ်မရှိလည်း ကဗျာရေးလို့ ရတယ်။
ကမ္ဘာသစ်တည်မယ့်အကြောင်း
ငှက်မွေးမယ်ဆိုတဲ့  အကြောင်း
ငှက်တွေ အပြင်ထုတ်ပြီး ချစ်သူကို
ငှက်လှောင်အိမ်ထဲ ထည့်ထားမယ်ဆိုတဲ့ အကြောင်း။

ရာသီဥတုပူတယ်
မသန့် ဘူးတဲ့
သစ်ပင်တွေ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ အန်ချ၊
လူတွေ တရားတွေ အန်ချ၊
ကမ္ဘာကိုယ်တိုင် လူတွေကို အန်ချ။

တစ်နေရာရာကို ခုန်တက်မှာလား
တစ်နေရာရာက ပြုတ်ကျလာတာလား၊
လွတ်သွားတဲ့ အထူးကားကို ငေးမော
ထမင်းချိုင့်တန်းလန်းနဲ့  ကျွန်တော့်ညီမလေးများ။

တစ်ယောက်တည်းပြေးနေတဲ့အမှောင်တွေ ဖတ်ဖတ်ကိုမောလို့ ပေါ့
ဖုတ်ဖတ်ခါထလာတဲ့ ဒဏ်ရာတွေ
လောကဓံကို ရှက်ပြုံးလေးပြုံးလို့ …၊
“နေရောင်ခြည်ထိရတာ နာတယ် အမေရယ်”

ညီဇံလှ

3 comments:

Blackroze said...

လူစုံအောင် စောင့်စရာမလိုဘူး
လရောင်နဲ့  လျှပ်စစ်မရှိလည်း ကဗျာရေးလို့ ရတယ်။

ကဗျာသမားမို့လို့လားမသိဘူး..
ဒီအရေးသားလေးကိုကြိုက်တယ်....
ကဗျာရေးဖို့အတွက်
ခံစားချက်ရှိဖို့ဘဲလိုတာပါနော်...

ညီဇံလှ said...

ကဗျာရေးဖို့  ခံစားမှုက အဓိကကျပါတယ်...ခံစားမှုအတိုင်း ချရေးတိုင်းလည်း ကဗျာ ဖြစ်မလာနိုင်ပါဘူး...ကဗျာကို စီးဆင်းအားကောင်းမယ့် အသံလိုပါတယ်...ပြီးတော့ အသံကို ကစားမယ့် ကဗျာဆရာရဲ့စွမ်းရည်လိုပါတယ်..။ကျွန်တော် ယူဆချက်ကို ပြောတာပါ..လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ် ဗျာ..:):)

သိင်္ဂါကျော် said...

လရောင်နဲ့  လျှပ်စစ်မရှိပဲ နေ့ခင်းမှာ ရေးမှာလား..
ဒါမှမဟုတ် ညကြည့်မျက်မှန် တပ်ပြီး ရေးမှာလား..
နောက်တာနော်.. :P