လန်းတုန်းဆန်းတုန်း တစ်ခုခုလုပ်ကြရအောင်။
လွယ်လွယ်နဲ့ မေ့ ပစ်ခဲ့တဲ့ မေးခွန်းတွေဆီ ပြန်သွားမလား၊
လွတ်သွားလို့ ပိုကြီးတဲ့ ငါးကို လိုက်ဖမ်းမလား၊
လမ်းပေါ်ကြဲပြန့် နေတဲ့ တောက်ခေါက်သံတွေ ကြိုးချည်မလား၊
နေရောင်ခြည်ရဲ့  လူယောင်ဆောင်စကားလုံးတွေ ဆဲရေးမလား။
တစ်....နှစ်....သုံး......
ပြိုင်တူ ရှောင်လိုက်ကြရအောင်
ရှေ့ တပြမှာ
ရှေ့  တစ်လှမ်းတိုးဖို့ 
နောက်ဆုတ်လာနေတဲ့  ဆင်အုပ်။
ရှေ့ တပြမှာ
ဆေးလိပ်ထိုင်ဖွာနေတာ
ထောင်ထွက်သမားတစ်ယောက်လား၊
တောင်တက်သမားတစ်ယောက်လား။
တကယ်တမ်းလရောင် ဆိုတာလည်း
သူချည်းသက်သက်တော့ မအေးပါဘူးကွာ။
ဒီဖိနပ်တွေ ဘာကြောင့်ခွာထူနေကြသလဲ
တစ်ချက်ချက်နဲ့ နာရီသံတွေက
လူကို မြွေလို အရေခွံလဲစေချင်နေသလား။
မင်း မသိပါဘူးကွာ
ငါလည်းမသိဘူး
မသိခြင်းမှာ ရေငုံနှုတ်ပိတ်နေတာကောင်းမလား
သူ့ ကိုယ်သူလည်း မသိဘူး။
ရထားသံလမ်းတွေ ပါးလာတယ်။
စက်ရုံကြီးတွေ ငေးကြည့်ရင်း
ရေကာတာကြီးတွေငေးကြည့်ရင်း
သူ့ ဖိနပ်သူ ငုံ့ ကြည့်ရင်း
ဇရာတွန် နေပြီဖြစ်တဲ့  ရှေ့ တပြဟာ...။
ညီဇံလှ
Type the rest of your post here.
No comments:
Post a Comment