25 February 2010

ရေထဲကျသွားတဲ့ ပုစ္ဆာ

"ကမ္ဘာကြီးကို နေထိုင်လိုစိတ်မကင်းကွာသူများ အတွက်တော့ တနည်းနည်းနဲ့ အသက်ရှူနေရမှာပဲ"
(အိပ်ရာဝင် သစ်ပုတ်ပင်မှ)

ဘ၀ကို နာရီတစ်လုံးလို့  သတ်မှတ်ထားရင်တော့ ခင်ဗျားနဲ့ ကျွန်တော်ဟာ လက်တံတစ်ချောင်းချောင်းလို့  ဆိုကြပါစို့ ။ဒီနေရာမှာ စိတ်သဘောထား တိုက်ဆိုင်တာ မတိုက်ဆိုင်တာ အရေးမကြီးပါ။ကျွန်တော့်ရဲ နာရီဟာ ရိုးလက်စ်လား၊ရာဒိုလား၊ကက်စီရိုလား၊ဆွစ်လား ..ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ်ပေါ့။ကျွန်တော်ဟာ နာရီတစ်လုံးကို ပိုင်ဆိုင်ခဲ့ပြီးပြီ။တစ်စက္ကန့် ချင်းစီကို ဖန်တီးပြီးရှင်သန်နေရသလို တစ်စက္ကန့် ချင်းစီဟာလည်းကျွန်တော့်ရဲကပ်ပါးကောင်များအဖြစ်ရပ်တည်နေကြတယ်။သက္ကရာဇိခြုံနွယ်တွေရဲ့ နောက်မြွေတွန်သံကြားနေရတယ်။ကြယ်နဲ့ လကို ဘယ်တုန်းကမှ မမြင်ဘူးတဲ့ လမ်းမဟာ သူ့ ကို ဓူဝံကြယ်အကြောင်းဟောပြောမယ့် လူတစ်ယောက်ကို စောင့်နေသလိုပဲ။လက်တံတစ်ချောင်းအဖြစ်လှည့်ပတ်ရင်း မောပန်းလာတဲ့ တစ်နေ့  ကျွန်တော်ခပ်စောစော အိပ်ရာဝင်လိုက်မိတယ်။
အိပ်မက်ထဲမှာ ကျွန်တော်ဟာ နာ၇ီလက်တံပြောင်းပြန်ကြီး လည်နေတယ်။အလွန်မြင့်မားတဲ့ ရေတံခွန်အောက်က ရေဒလက်လို ကျွန်တော်လည်ပတ်နေတာ။ရပ်တန့် ဖို့  စွမ်းသလောက်ကျွန်တော်ကြိုးစားကြည့်ပါသေးတယ်။နောက်မှ တဖြည်းဖြည်း
နှေးရာက ရပ်သွားပြီး ညာဘက်ကိုပြန်လည်ပတ်တော့တယ်။ဖောက်ပြန်တတ်တဲ့ အဲဒီနာရီထဲက ခုန်ဆင်းလိုက်တော့ ကျွန်တော်ဟာ
ပင်လယ်ကမ်းခြေမြိုးလေးတစ်မြို့ ကို ရောက်သွားတယ်။မကြာသေးခင်က အသုဘချသွားတဲ့ သေးလ်ရဲ့ နာရေးသတင်းကို ဦးဦးဖျားဖျား ကြားလိုက်ရတယ်။ကုန်သည်တွေ၊ရွက်လှေတွေ ဒိုက်ပွနေတဲံ့ မြို့ လေးမှာ ခဏတာတည်းခိုပြီး ကျွန်တော်ခြေဦးတည့်ရာ
လျှောက်သွားမိတယ်။(အဲဒီမြို့ လေးမှာ မိုင်လိတပ်စ် ဖြစ်ခဲ့သည်)လမ်းမှာဘာတွေ ဖြတ်သန်းခဲ့လည်း သိပ်တော့သတိမထားမိလိုက်
ဘူး။ဒါပေမယ့်အလွန်စိတ်ပျက်စရာကောင်းတဲ့ လူတစ်ယောက်နဲ့  ခဏတာသိကျွမ်းဆုံတွေ့ ခဲ့ရတယ်။တစ်ပေပတ်လည်လောက်ရှိတဲ့ ဓါးသွေးကျောက်ပေါ်မှာ သူဓါးသွေးနေတယ်။(ဘာဓါးလည်း သေချာမမှတ်မိပါ)ဓါးကို ကိုးဆယ်ဒီဂရီထောင်ပြီးသွေးနေတာ သူ့ ဘေးမှာ ရပ်ကြည့်နေတဲ့ ကျွန်တော့်ကိုတောင် အရေးလုပ်ဖော်မရဘူး။
"ဟေ့လူ ဓါးကိုဒီလိုမသွေးရဘူး၊စောင်းပြီးသွေးရတယ်"
သူက ကျွန်တော့်ကို တစ်ချက်မော့ကြည့်ပြီး
"စောင်းပြီးသွေးရင် တစ်စောင်းကြီးဖြစ်နေမှာပေါ့"
"နှစ်ဖက်မျှသွေးမှပေါ့"
ကျွန်တော့်စကားကို ထိုသူကခေါင်းခါရင်း သွေးမြဲတိုင်းဆက်သွေးနေတယ်။နောက်တော့ ဘာစိတ်ကူးပေါက်သွားတယ် မသိ၊သူသွေးပြီးသား ဓါးတစ်ချောင်းကို ကျွန်တော့်ကို လက်ဆောင်ပေးလိုက်တယ်။သူပေးတဲ့ဓါးကို ယူပြီး ကျွန်တော် လမ်းဆက်
လျှောက်ခဲ့တယ်။လမ်းမှ ကျွန်တော့်ကို ဟောင်တဲ့ခွေးတစ်ကောင်ကိုခုတ်လိုက်တော့ ခွေးခေါင်းမှာ ဘုထသွားတယ်။ကျွန်တော်လည်း အဲဒီဓါးကို လွင့်ပစ်ပြီးဆက်လျှောက်ခဲ့တယ်။(ဓါးလက်ဆောင်ပေးသောလူမှာ ဒေးကား ဖြစ်ခဲ့သည်)
အဲဒီနောက်မှတော့ ကျွန်တော်လူတစ်ယောက်ကို ထူးထူးဆန်းဆန်းတွေ့ လိုက်ရတယ်။ထိုသူက မှန်ကြီးတစ်ချပ်ကိုင်ပြီး
ကျွန်တော့်ဆီလျှောက်လာကာ အနားရောက်တော့
"ခင်ဗျားရုပ်ကို အမှန်အတိုင်း မြင်နိုင်တယ်"
"သိပ်ပြီးထူးခြားတယ် မထင်မိဘူး"
"မဟုတ်ဘူး၊ခင်ဗျား မြင်ရတဲ့ ရုပ်က ခင်ဗျားရင်ထဲရုပ်နဲ့  ထပ်တူထပ်မျှ ဖြစ်စေရမယ်"
သူ့ ကို ရူးနေလားဟု ကျွန်တော်အကဲခတ်မိလိုက်တယ်။သူ့ ကြည့်ရတာ အကောင်းပါ။ပြီးတော့ ဒီနာတစ်ဝိုက်မှာလည်း
သြဇာရှိပုံရတယ်။မှန်ထဲက ကျွန်တော်ဟာ အပြင်ကထက် ပိုပြီးချောနေတယ်(အမှန်မှာ ထိုသို့ မဟုတ်မှန်း ကျွန်တော့်ကောင်မလေး လည်းသိပြီးဖြစ်သည်)စိတ်ကို ကျွန်တော် ဘယ်လိုမှ လွန်ဆန်လို့ မရဘူး။ဒါကို ရိပ်မိနေပုံရတဲ့ ထိုသူက
"ခင်ဗျား ကဗျာဆရာလား"
"အင်း ဆိုပါတော့ ရာခိုင်နှုန်းနည်းနည်းတော့ ပတ်သက်ခဲ့ဖူးတယ်"
"ကဗျာဆရာမှာ ဦးနှောက်မရှိဘူး၊ခင်ဗျားမှာလည်း မရှိဘူး"
ထိုစကားကြောင့် ကျွန်တော် ထိုသူနှင့်ရန်ဖြစ်မလိုဖြစ်သွားရတယ်။ဆူပူတဲ့ အသံတွေကြောင့် အနီးမှာ ရှိတဲ့သူတွေ ၀ိုင်းအုံလာပြီး ကျွန်တော့်ကိုမောင်းထုတ်လိုက်ကြတယ်။ကျွန်တော်လည်း လမ်းဆက်လျှောက်ခဲ့ရပြန်တယ်။(ကျွန်တော်နှင့်၇န်ဖြစ်သော လူမှာ ပလေတို ဖြစ်ခဲ့သည်)မောလည်းမော ဆာလည်းဆာနေတဲ့ ကျွန်တော်ဟာပင်လယ်ကမ်းခြေဘက်ကို ထွက်ခဲ့တယ်။ငါးမျှားနေ တဲ့သူတွေကိုမေးပြီး ငါးမျှားတံတစ်ချောင်းနဲ့ လှေတစ်စင်း ၀ယ်လိုက်တယ်(ထိုငွေနှင့်ခေါက်ဆွဲကြော်တစ်ပွဲ အေးအေးလူလူ ၀ယ်စား နိုင်မှန်းကျွန်တော်သိပါသည်)အဲဒီနောက် စတင်ငါးမျှားရန် မနီးမဝေးရေပြင်ကို စိတ်ချလက်ချ ထွက်လိုက်တယ်။ရေပြင်က လှိုင်းနည်း နည်းလေးနဲ့ ငြိမ်သက်နေတယ်(လှိုင်းကြက်ခွပ်လေး ဟူသောအသုံး ကျွန်တော် မသုံးတတ်ပါ)အချိန်ဘယ်လောက်ကြာသွားလည်း မသိလိုက်ပါဘူး။ငါးမျှားကြိုးတင်းသွားလို့  အသာအယာဆွဲလိုက်တော့ ပန်းချီကား တစ်ချပ်ပါလာတယ်။ဒါဗင်ချီရဲ့ ကမ္ဘာကျော်မပြုံးကြီး ပါ။ထိုအပြုံးကို စက္ကူနဲ့ လုပ်ထားတဲ့  အပြုံးလို့ မိတ်ဆွေတစ်ဦးကို ပြောပြဖူးတယ်။(ထိုမိတ်ဆွေပေးလိုက်သော ဂျိုစောင်းမှ ဒဏ်ရာ က သက်သေခံနေသည်)ပန်းချီကားကို ကျွန်တော်ရေထဲပြန်ပစ်ချလိုက်တယ်။
ကျွန်တော် ငါးဆက်မျှားနေချိန်မှာ နေ၀င်တော့မယ်။ငါးတစ်ကောင်မှ မမိသေးဘူး။ဗိုက်ကလည်း မတရားကြီးကို ဆာနေပြီ။နောက်တော့ နေသည်ဝင်လိုက်ထွက်လိုက် ရက်စွဲတွေကို ရေလဲသုံးနေတယ်။ငါးတစ်ကောင်မှ မမိသေးပါ။အဲဒီအချိန်ပင်လယ်
နက်ပိုင်းဆီက လှေလေးတစ်စင်း ကျွန်တော်ရှိရာဘက်ကို ဦးတည်လာနေတယ်။မြင်သာတဲ့နေရာ ရောက်မှ ကြည့်လိုက်တော့သူ့ လှေဘေးမှာ ငါးရိုးကြီး တစ်ခု ကပ်ချည်ထားတယ်။သူ့ မျက်လုံးများက ညိုးရော်နေတယ်။ကြီးမားတဲ့တိုက်ပွဲတစ်ခုကို ရင်ဆိုင်ခဲရသလို ပဲ။အမှန်စင်စင် ထိုသူဟာ အဖိုးအိုတစ်ဦးပါပဲ။အဘိုးအိုရဲ့ မျက်နှာမှာနှမြောတမ်းတခြင်း၊၀မ်းနည်းဝမ်းသာဖြစ်ခြင်း၊ဂုဏ်ယူဝင့်ကြွားခြင်း များပြည့်နှက်နေတယ်။လက်ဖ၀ါး ပြင်နဲ့ ကျောပြင်မှာလည်း သွေးစသွေးနတွေ ချည်းပဲ။စုတ်ဖွာနေတဲ့ ကျောပြင်မှ ငါးမျှားကြိုးရာများ ကိုကျွန်တော်တွေ့ လိုက်ရတယ်။
"နောက်ဆုံးတော့လည်း လောကကြီးဟာ ဘာမှ မရှိပါလား"
အဘိုးအိုသည်သူ့ ကိုယ်သူ ညည်းတွားရင်း ပွင့်တစ်သက်မျက်လုံးများနှင့် ကျွန်တော့်ကိုကြည့်သွားတယ်။သူရဲ့ မျက်ဝန်းထောင့်လေးတွေမှာ ခိုကပ်နေတဲ့လက်ကျန်အား တစွန်းတစ်စကို ကျွန်တော်တွေ့ လိုက်၇တယ်။(ထိုအဘိုးအိုမှာ ဟဲမင်းဝေးရဲ့ အဘိုးအို ဆန်တီယာဂို ဖြစ်ခဲ့သည်)ကျွန်တော်ရှိနေတဲ့ ရေပြင်ကတော့ ငြိမ်သက်လျှက်ပါပဲ။နောက်ဆုံးဆာလောင်မှုဒဏ်ကြောင့် ခေါင်းများမူးဝေလာပြီး ကျွန်တော် သတိလစ်သွားရတယ်။
သတိပြန်လည်လာတဲ့ အချိန်မှာတော့ ကျွန်တော်ဟာ နာ၇ီတစ်လုံးထဲပြန်ရောက်နေပါပြီ။အရင်ကလို ပုံစံခွက်လေးထဲမှာ လည်ပတ်နေရပြီ။မှန်ခတ်ထားတဲ့  အခန်းလေးထဲမှာ တစ်ခါတစ်လေ ခြံပြင်ထွက်ပြီး တစ်ခုခုကို ဆွေးနွေးချင်တယ်။တစ်ခါတစ်လေ မိန်းမ ပီသတဲ့ ယောင်္ကျားတွေအကြောင်း သိချင်တယ်။တစ်ခါတစ်လေ ပန်းတစ်ချို့ ရဲ့ အောက်က အဆိပ်အတောက်တွေအကြောင်း ဖတ်ချင်တယ်။အမှန်တော့ ကျွန်တော်ဟာ ဘောင်ကျဉ်းကျဉ်းလေးထဲမှာ နေတတ်တဲ့  သတ္တ၀ါမဟုတ်ဘူး။ဒီတော့ ဒါဟာ အိပ်မက်တစ်ခုလို့ ပဲ သတ်မှတ်လိုက်ကြပါစို့ ။ဒါပေမယ့် အိမ်မက်ထဲမှာ ကိုယ့်အသားကိုယ် ဆွဲဆိတ်ကြည့်တော့လည်း နာတယ်။



ညီဇံလှ




Type the rest of your post here.

No comments: