
ခလုတ်နှိပ်မရရုံနဲ့ တော့
ကက်ဆက်ကို အပြစ်တင်မနေနဲ့ တော့
ချစ်ဦးသူတို့ မနက်ခင်းဟာ
ပေါင်မုန့်  ထောပတ်နဲ့ လုံလောက်ရဲ့ လား….။
အချစ်မှာ
မုန်တိုင်းမရှိတဲ့ပင်လယ်ကို
ကန္တာရလို့ ခေါ်ချင်ခေါ်မယ်။
အချစ်မှာ
ချစ်နေသူအချင်းချင်း နေ၀င်သွား၊
တစ်ယောက်ကိုတစ်ယောက် ပြန်တူးဖော၊်
ဘယ်သူမှ ရှာမတွေ့ တဲ့ မြို့ ဟာ
ချစ်သူတို့ အတွက် ပါရီပဲ။
အမှန်တရားဟာ ရက်ချိန်းမမှန်တဲ့နောက်
ကျွန်တော်တို့ ဆိုနေတဲ့အလီ လည်း
အမြဲတမ်းအမှားပဲ။
တစ်ခါတစ်လေ ရမိတဲ့နောင်တကလည်း
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို
အရသာရှိနေပြန်တယ်။
တော်ပြီကွယ်..
ခေတ်တန်ဆာပလာနဲ့ 
လိင်မှုတိုးတက်ရေးစာမျက်နှာသစ်မှာ
ငါဟာ
နင်မသိအောင်တူးခါးမိတဲ့ အမဲရိုးတစ်တုံးပါ။
ငါဟာ ပြန်သွားရမလား
အခါခါ ရပ်တည်ရမလား
အခြေအနေဟာ
ပိုင်ရှင်မဲ့ မှတ်ပုံတင်တစ်ခုလား
ဒီဘ၀မှာလည်း ငါပဲလား။
ကိုယ့်ဗီဇာနဲ့ ကိုယ်ရောက်လာပြီးမှတော့
ပူတယ်အေးတယ်မပြောနဲ့ ၊
ကိုယ့်ကော်ဖီကိုယ် ဖျော်သောက်နေရုံပေါ့။
ကမ္ဘာကြီး ရွာကြီးဖြစ်ပြီလား
ကျွန်တော်တို့ အချစ်မှာလည်း
ထန်းရည်ဆိုင်အပြည့်ပဲ…..။
ကျွန်တော် ငိုရမလား…
လမ်းဘေးက မြက်တွေ ပြေးရှင်းလိုက်ရမလား။
ရထားဟာ
အချိန်မတိုင်ခင် ထွက်ချင်ထွက်မယ်၊
ငါ့ရင်ဘတ်ထဲ မှေးနေတဲ့ကောင်မလေးမျက်နှာလောက်
ဘယ်နိုင်ငံမှ မလိုချင်တော့ဘူးကွယ်.။
ညီဇံလှ